ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က တရုတ်လူမျိုးပိုင် ဒေတာစင်တာတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဝင်ရောက်စီးနင်းမှုတွင် မြန်မာနှင့် တရုတ်နိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဝင်ရောက်စီးနင်းခဲ့သည့် လုပ်ငန်းခွင်သည် ဘန်ချန်းခရိုင် အမှတ် ၆ ကျေးရွာရှိ ဧက ၁၀၀ ကျော်ရှိသော မြေကွက်တစ်ခုဖြစ်သည်ဟု ရယောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ပြောဆိုခဲ့သည်။
ကနဦးစစ်ဆေးမှုအရ တရုတ်ရင်းနှီးမြှုပ်နှံသူများမှ ရန်ပုံငွေထောက်ပံ့ထားသော ဆောက်လုပ်ဆဲဒေတာစင်တာရှိ စခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့နှင့် ပြည်နယ်အလုပ် အကိုင်ခန့်ထားရေးရုံးမှ အရာရှိများက နံနက် ၁၀ နာရီခန့်တွင် ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ချိန်၌ အလုပ်သမားအချို့ ထွက်ပြေးခဲ့ကြသည်။ အချို့သည် အနီးအနားရှိ တူးမြောင်းထဲသို့ ခုန်ချကာ ရေကူးလွတ်မြောက်သွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အာဏာပိုင်များက အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့တွင် မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး ပါဝင်သည်။
၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်စာရွက်စာတမ်းများကို စစ်ဆေးရာတွင် သင့်လျော်သောခွင့်ပြုချက်များမရှိသည်ကို တွေ့ခဲ့ရသည်။
၎င်းတို့နှင့် ပတ်သက်၍ ဘန်ချန်းရဲစခန်းတွင် တရားဥပဒေအရ အရေးယူမှုများ စတင်လုပ်နေပြီး ပြည်နှင်ဒ-ဏ်ပေးရေးလုပ်ငန်းစဉ်များအတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ဆက်သွယ်ဆောင်ရွက်ထားသည်။
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားလုပ်သားများကို ငှားရမ်းခြင်းအတွက် အမည်မဖော်ပြသော ကန်ထရိုက်တာ သုံးဦးကိုလည်း အာဏာပိုင်များက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်