ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယင်း မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ပိုက်ကျော်ခြင်းအားကစားနည်းအောက်၌ ထည့်သွင်းမည် ဖြစ်ကာ ပြိုင်ပွဲအမျိုးအစား ၂ မျိုး ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချောင်ဘူရီ နှင့် ဆောင်ခလာ မြို့ သုံးမြို့၌ ကျင်းပသွားမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် (၃၃)ကြိမ်မြောက် ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ခြင်းလုံးအားကစားနည်း၏ ပြိုင်ပွဲအမျိုးအစား ၂ မျိုးစလုံး၌ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကာ ဆုတံဆိပ်များ ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။
မြန်မာခြင်းလုံးအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲများ၌ ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပသည့် အချိန်တိုင်း ရွှေတံဆိပ်ဆုများရယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မြန်မာဆီးဂိမ်း၌ ရွှေ ၆ ခု၊ ၂၀၁၅ ခုနှစ် စင်ကာပူ ဆီးဂိမ်း နှင့် ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်း၌ ရွှေ ၂ ခုစီ နှင့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်း၌ ရွှေ ၄ ခု ဆွတ်ခူးထားနိုင်ခဲ့သည်။
