ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် “ထိုင်ဝမ်ခွဲထွက်ရေး”ကို ပြတ်သားစွာဆန့်ကျင်ရမည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကပြောသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကိုထိန်းသိမ်းရန်ခိုင်မာစွာဆုံးဖြတ်ထားကာ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးသည် မီးနှင့်ရေကဲ့သို့ ယှဉ်တွဲရန်မဖြစ်နိုင်ဘဲ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် “ထိုင်ဝမ်ခွဲထွက်ရေး” ကို ပြတ်သားစွာဆန့်ကျင်ရမည်ဟု ပြောသည်။
ထို့ပြင် ထိုင်ဝမ်အရေးတွင် တရုတ်-အမေရိကန်ဆက် ဆံရေးနှင့်ပတ်သက်၍ ထိုင်ဝမ်အရေးသည် တရုတ်နိုင် ငံဗဟိုအကျိုးစီးပွား၏ အဓိကဗဟိုချက်ဖြစ်ပြီး တရုတ် – အမေရိကန်ဆက်ဆံရေးနှင့် နိုင်ငံရေးအခြေခံ၏အုတ် မြစ်လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် One China Policy နှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ကို တိကျစွာလိုက်နာစောင့် ထိန်းရန်၊ ထိုင်ဝမ်ပြည်နယ်အရေးနှင့် ပတ်သက်ပါက အမေရိကန်အစိုးရအဆက်ဆက်ထားရှိခဲ့သည့် ကတိကဝတ်များကို တိကျစွာလိုက်နာစောင့်ထိန်းရန်တို့မှာ တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ကောင်းမွန်၍ ရေရှည်တိုးတက်ရေးအတွက်မဖြစ်မနေလိုအပ်သည့် ကြိုတင်သတ်မှတ်ချက်များဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
