ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိသော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
