အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။
ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ပန်တိုဂျာ၏ တံတောင်ဆစ်ဒဏ်ရာကြောင့် ပွဲစပြီး ၂၆ စက္ကန့်အကြာတွင် ဂျိုရှုအာဗန်က အနိုင်ရရှိကာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ယင်းပထမပွဲရလဒ်နှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိခဲ့သည့်အတွက် ယခုမကျေပွဲမှာ ဂျိုရှုအာဗန်အတွက် ချန်ပီယံအဖြစ် မိမိ၏စွမ်းဆောင်ရည်ကို သက်သေပြနိုင်မည့် အရေးပါသည့်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့သည်။
ယခုပွဲတွင် နှစ်ဦးစလုံး ငါးချီပြည့်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဂျိုရှုအာဗန်က ထိုးသတ်မှုနှင့် ခံစစ်ပိုင်းတို့တွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ကာ ဒိုင်လူကြီးများ၏ တညီတညွတ်တည်း ဆုံးဖြတ်ချက် (Unanimous Decision) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် မြန်မာပြည်ဖွား ဂျိုရှုအာဗန်သည် ပန်တိုဂျာထံမှ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူပြီးနောက် ယခုနှစ် မေလက ဂျပန်ဖိုက်တာ တတ်ဆူရို တိုင်ရာ (Tatsuro Taira) ကို ပဉ္စမအချီ TKO ဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ပထမအကြိမ် ကာကွယ်ထားနိုင်ခဲ့သည်။
ယခု ပန်တိုဂျာနှင့် မကျေပွဲတွင်လည်း ငါးချီပြည့် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သဖြင့် ဂျိုရှုအာဗန်သည် UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
