တိုင်းရင်းသားပြည်သူများ ခံစားနေရသည့် ဒုက္ခများ အမြန်ဆုံးလွတ်မြောက်နိုင်ရေး နိုင်ငံရေးနည်းလမ်းဖြစ်အဖြေရှာသင့်ပြီဟု ယုံကြည်ကြောင်း မွန်ညီညွတ်ရေးပါတီက တိုက်တွန်းထားသည်။
ဖေဖော်ဝါရီ (၁၃)ရက်၌ ကျရောက်သည့် (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများအပေါ် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားခြင်းဖြစ်သည်။
ယနေ့ဖြစ်ပေါ်လျက်ရှိသည့်နိုင်ငံရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ်အားလုံးအနေဖြင့် အမြန်ဆုံး အဖြေရှာနိုင်ခြင်းမရှိလျှင် ပြည်သူလူထုရင်ဆိုင်နေရသည့် ဒုက္ခများ ပိုမိုတိုးပွားလာနိုင်ပြီး နိုင်ငံသည်လည်း ချွတ်ခြုံ ကျသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် နိုင်ငံရေးအခြေအနေ မည်သို့ပင်ဖြစ်ပေါ်ပြောင်းလဲနေစေကာမူ မိမိတို့ မွန်အမျိုးသားများ အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု မပျက်ပြားစေရေး၊ အမျိုးသားရေးအင်အားစုများ မကွဲပြားသွားစေရေး တို့အတွက် စစ်ရိပ်စစ်ငွေ့ သန်းနေသည့်အခြေအနေကြားမှ မိမိတို့ တိုင်းရင်းသားလူမျိုးများအကျိုး မည်သို့ဖော်ဆောင်သွားရမည်ကို သတိကြီးစွာထားပြီး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆိုသည်။
MUP ပါတီသည် မွန်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လုံခြုံ အေးချမ်းစွာ အသက်ရှင်ရပ်တည်နိုင်ရေး၊ ယနေ့ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မျှော်မှန်းသည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာအင်အားစုများနှင့် ပေါင်းစပ်ပြီး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
