မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေ၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၁၄၄) ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံသို့အမြန်ဆုံးပြန်လည်ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၈၁၃)ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ (၉,၃၃၉) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၄၇၄) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
