တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး ခေတ်မီစမတ်နည်းပညာများ အသုံးပြုထားသည့် နယ်စပ်ဂိတ်စနစ်များက ဒေသတွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်ထိရောက်စေလျက်ရှိကြောင်း သိရသည်။
ချုံကျိုမြို့သည် တရုတ်နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အများဆုံးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
ယင်းမြို့အတွင်းရှိ ပင်းရှန်းမြို့မှာ ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ထိစပ်နေပြီး “တရုတ်နိုင်ငံ၏ တောင်ဘက်တံခါးပေါက်” ဟု လူသိများသည်။ ပင်းရှန်းမြို့သည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ တရုတ်-အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေးစင်္ကြံနှင့် အနောက်ပိုင်း ကုန်း-ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ်တို့ ဆုံရာ မဟာဗျူဟာကျသည့် နေရာတွင် တည်ရှိနေသည်။
တရုတ်-ဗီယက်နမ် Friendship Pass – Huu Nghi Smart Port စီမံကိန်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး နယ်စပ်ဖြတ်ကျော် စမတ်ဆိပ်ကမ်းစီမံကိန်းဖြစ်ပြီး ဂြိုဟ်တုလမ်းညွှန်စနစ်၊ 5G ဆက်သွယ်ရေးနည်းပညာနှင့် အလိုအလျောက်ကုန်စည်ပို့ဆောင်ရေးစနစ်များကို ပေါင်းစပ်အသုံးပြုထားသည်။
စီမံကိန်းအတွင်း မောင်းသူမဲ့ကုန်တင်ယာဉ်များ၊ အသိဉာဏ်အခြေပြု စစ်ဆေးရေးစနစ်များနှင့် စမတ်ထိန်းချုပ်ညှိနှိုင်းရေးစင်တာများကို တပ်ဆင်ထားပြီး ကုန်စည်ရှင်းလင်းရေးနှင့် နယ်စပ်ဖြတ်သန်းရေးလုပ်ငန်းစဉ်များကို အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။
စီမံကိန်းအပြည့်အဝ လည်ပတ်နိုင်ပါက လက်ရှိ တစ်ရက်လျှင် ယာဉ်အစီးရေ ၁,၅၀၀ ခန့်သာ ဖြတ်သန်းနိုင်သည့် စွမ်းရည်မှ ၄,၀၀၀ အထိ တိုးမြှင့်နိုင်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ထိရောက်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် Puzhai – Tan Thanh Smart Port စီမံကိန်းတွင် မောင်းသူမဲ့ကုန်တင်ယာဉ်များ အသုံးပြုနိုင်သည့် သီးသန့်လမ်းကြောင်းများ၊ စမတ်ထိန်းချုပ်ညှိနှိုင်းရေးစင်တာများနှင့် အီလက်ထရောနစ်နယ်နိမိတ်စနစ်များကို အသုံးပြုထားပြီး ကုန်စည်ရှင်းလင်းရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စေရန် ဆောင်ရွက်ထားသည်။
အဆိုပါ နယ်စပ်ဂိတ်များ၏ လုပ်ငန်းလည်ပတ်မှုပုံစံတွင် ဒစ်ဂျစ်တယ်နည်းပညာ၊ အသိဉာဏ်အခြေပြုစီမံခန့်ခွဲမှုနှင့် အလိုအလျောက်ကုန်စည်ပို့ဆောင်ရေးစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားသည်ကို တွေ့ရပြီး ယင်းသည် နယ်စပ်ကုန်သွယ်ရေးစွမ်းဆောင်ရည် မြှင့်တင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တည်နှင့် လွယ်ဂျယ် စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ဒစ်ဂျစ်တယ်အကောက်ခွန်စနစ်များ၊ စမတ်ထောက်ပံ့ပို့ဆောင်ရေးစနစ်များနှင့် ကုန်စည်ရှင်းလင်းရေး ခေတ်မီနည်းပညာများကို တဖြည်းဖြည်း တိုးချဲ့အသုံးပြုနိုင်ပါက နယ်စပ်ကုန်သွယ်မှု ပိုမိုလျင်မြန်ချောမွေ့လာစေပြီး မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းကုန်သွယ်ရေးချိတ်ဆက်မှုများကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
