တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရှင်းဟိုင်းကောင်တီတွင် ဇူလိုင်လ ၂၈ ရက် နေ့ နံနက် ၁၁း၁၆ နာရီက ပြင်းအား ၅ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၈ မိနစ်အကြာတွင် ပြင်းအား ၅ ဒဿမ ၈ ပမာဏရှိ ဒုတိယမြောက် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာက ပြောကြားခဲ့သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြင်းအား ၅ ရှိသည့် နောက်ထပ်ငလျင်တစ်ခု သည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကြောင်းလည်း စင်တာက ပြောကြားခဲ့သည်။
ငလျင်များသည် ကျင်းဟိုင်၏ မြို့တော်ရှင်းနန်မှ ၂၄၄ ကီလိုမီတာခန့်အကွာ လူဦးရေနည်းပါးသော ကုန်းမြင့်ဒေသတစ်ခုကို ဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်ခဲ့သည်။
ရှင်းနန်တွင် ငလျင်လှုပ်ခတ်မှုများကို သိသိသာသာ ခံစားခဲ့ရကြောင်း နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ပြောကြားခဲ့သည်။
အာဏာပိုင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုသတင်းများ မရရှိသေးသော်လည်း အနီးအနားရှိ ရွာခုနစ်ရွာထက်မနည်းတွင် အဆောက်အအုံများနှင့် လမ်းများ ပျ-က်စီးမှုရှိခဲ့ကြောင်း ဒေသန္တာရအာဏာပိုင်များ၏ ကနဦးစစ်ဆေးတွေ့ရှိချက်များကို ကိုးကား၍ ဆင်ဟွာက ပြောကြားခဲ့သည်။
အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များသည် ဝေးလံခေါင်သီသော ငလျင်ဗဟိုချက် ဒေသသို့ သွားနေပြီဖြစ်ကြောင်းနှင့် ငလျင်လှုပ်ခတ်မှုကြောင်း အနီးရှိ တောင်စောင်းများတွင် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
