အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။
ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက် ဖြေရှင်းချက်များနှင့် အစီအမံများ ထားရှိရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။
အက်ပ်ကို အသုံးပြု၍ လုပ်ဆောင်ခဲ့သော တရားမဝင် လုပ်ရပ်များအတွင်း လိ-မ်လ-ည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနှင့် အကြမ်းဖက်ဝါဒနှင့် ဆက်စပ်သော သံသယရှိ ကိစ္စရပ်များကို ကိုးကား၍ နိုင်ငံတွင်းရှိ တယ်လီဂရမ် ချန်နယ်နှင့် ဂရုပေါင်း ၉,၆၀၀ အနက် ၆၈ ရာခိုင်နှုန်းသည် ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က အစီရင်ခံခဲ့ပြီးနောက် ဝန်ကြီးဌာနသည် နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဌာနကိုယ်စား ဆောင်ရွက်နေသည်ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။
အဆိုပါ စာသည် မှန်ကန်ကြောင်း နည်းပညာဝန်ကြီးဌာန အရာရှိတစ်ဦးက ရိုက်တာကို အတည်ပြုခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုသူ၏ အချက်အလက်များကို ပေးအပ်ရန် အစိုးရ၏ တောင်းဆိုမှုကို တယ်လီဂရမ်က လိုက်နာရန် ပျက်ကွက်ခဲ့သောကြောင့် ယင်းသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်
