ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ တစ်ရက်တည်း တောင်ထိပ်သို့ ရောက်ရှိသူ အများဆုံးစံချိန်သစ် ဖြစ်လာခဲ့ကြောင်း သိရသည်။
ပေ ၂၉,၀၃၂ မြင့်သော ဧဝရက်တောင်သည် နီပေါနှင့် တရုတ်နိုင်ငံ တိဘက်ဒေသ နယ်စပ်တွင် တည်ရှိပြီး နှစ်နိုင်ငံဘက်ခြမ်းမှ တက်ရောက်နိုင်သော်လည်း ယခုနှစ်တွင် တရုတ်အာဏာပိုင်များက ခွင့်ပြုချက်များ မထုတ်ပေးသဖြင့် တိဘက်ဘက်ခြမ်း၌ တောင်တက်သမားများ မရှိကြောင်း တောင်တက်ခရီးသွားလုပ်ငန်းများက ဆိုသည်။
နီပေါတောင်တက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးချုပ် ရီရှီ ဘန်ဒါရီက “ဒါဟာ တစ်ရက်တည်းမှာ တောင်တက်သမား အများဆုံးတက်ရောက်ခဲ့တဲ့ စံချိန်ဖြစ်ပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယခင်စံချိန်မှာ ၂၀၁၉ ခုနှစ် မေ ၂၂ ရက်တွင် နီပေါဘက်ခြမ်းမှ တောင်တက်သမား ၂၂၃ ဦး တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ထိုစံချိန်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်ထိပ်သို့ ရောက်ရှိခဲ့သူအချို့သည် ၎င်းတို့၏ တောင်တက်အောင်မြင်မှုကို အခြေစိုက်စခန်းသို့ တရားဝင် အသိပေးထားခြင်း မရှိသေးသဖြင့် အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း ဘန်ဒါရီက ပြောကြားခဲ့သည်။
နီပေါခရီးသွားလုပ်ငန်းဌာနမှ အရာရှိ ဟီမာလ် ဂေါ်တမ်ကလည်း “တောင်တက်သမားတွေ ပြန်လာတဲ့အခါ ဓာတ်ပုံတွေနဲ့ အခြားအထောက်အထားတွေကို စိစစ်ပြီး တောင်တက်လက်မှတ် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီအခါမှသာ နောက်ဆုံးကိန်းဂဏန်းကို အတည်ပြုနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။
Ref: Reuters
