Home News Local News ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကြောင့် ပေ ၃၃၀ ခန့် ထပ်မံပြိုကျ

ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကြောင့် ပေ ၃၃၀ ခန့် ထပ်မံပြိုကျ

0
88

ရန်ကုန်၊ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာသည် မြစ်ရေတိုက်စားမှုကြောင့် ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခန့်တွင် ပေ ၃၃၀ ခန့် ထပ်မံပြိုကျခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ တာပြိုကျမှုသည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ပထမအကြိမ် တာရေတိုက်စားပြိုကျခဲ့သည့် နေရာ၏ ဘေးဘက်တွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် တာပြိုကျမှုမှာ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ အကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်မှ ခွဲထွက်လာသည့် တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် ရေတိုက်စားခံခဲ့ရခြင်းဖြစ်သည်။

ယနေ့ ဒုတိယအကြိမ် တာပြိုကျမှုတွင် ယခင်ပြိုကျခဲ့သည့်နေရာ၏ ဘေးဘက်ရှိ တာအပိုင်း ပေ ၃၃၀ ခန့် ထပ်မံပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုးမြစ်ရေ မြင့်တက်မှုမရှိသဖြင့် စိုးရိမ်ဖွယ်အခြေအနေ မရှိသေးသော်လည်း တာကာရံခြင်းလုပ်ငန်းများကို ယခင်ထက် ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။

ထို့ကြောင့် ညောင်တုန်းကျွန်းတာအခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ကာ တာကာရံခြင်း၊ ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားထားသည်။