မြန်မာနိုင်ငံတွင် ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းမှ ဇူလိုင် ၂၅ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၇/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။
မိုးလေဝသအခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးကြီးနိုင်သည့် ဒေသများတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများ၊ မြစ်ငယ်နှင့် ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။
ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်၍ ကြိုတင်သတိပြုဆောင်ရွက်ကြရန် အသိပေးထားသည်။