မတ်လ ၇ ရက်မှ စတင်ခဲ့သည့် စုံ/မ စနစ်ဖြင့် ယာဉ်မောင်းနှင်မှုကို ပညာပေးကာလ ပြီးမြောက်ပြီဖြစ်သည့်အတွက် ယနေ့(မတ် ၁၄) ရက်မှစတင်ကာ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
စက်သုံးဆီချွေတာရန်အတွက် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များကို စုံ/မ အလှည့်ကျစနစ်ဖြင့် မောင်းနှင်သွားလာခွင့်ပြုထားခြင်းဖြစ်သည်။
အဆိုပါ စုံ/မ စနစ်ကို ယာဉ်မောင်းများသိရှိနားလည်စေနိုင်ရန်အတွက် မတ်လ (၇) ရက်မှ (၁၃) ရက်အထိ ပညာပေးကာလဆောင်ရွက်ခဲ့ပြီး ယနေ့မှစတင်ကာ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
” ဒီနေ့ကစပြီး အရေးယူမှာ။ ဖမ်းဆီးအရေးယူမှုကတော့ မြို့နယ်အလိုက်လုပ်ကြမှာ” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ထိုကဲ့သို့အရေးယူဆောင်ရွက်ရာတွင် ၂၀၂၀ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်ဥပဒေပုဒ်မ (၉၆) အရ ဒဏ်ငွေ သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ- စုံ/မစနစ် ပညာကာလအတွင်း တာဝန်ရှိသူများ လှည့်လည်စစ်ဆေးနေစဉ်(ဓာတ်ပုံ-ပေါ်ပြူလာနယူးစ်)
