တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် စနေနေ့က မြေပြိုမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
စီချွမ်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ယင်းမြေပြိုမှုတွင် နေအိမ် ၁၀ လုံးမှာ မြေအောက်ရောက်ခဲ့ပြီး ရှာဖွေ၊ ကယ်ဆယ်မှုလုပ်ငန်းများကို အစွမ်းကုန်သုံး လုပ်ဆောင်ရန် သမ္မတရှီကျင့်ဖျင်က အမိန့်ပေးထားသည်ဟု ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
လက်ရှိ အချိန်အထိ အပျက်အစီးများအောက်မှ လူနှစ်ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်သေးပြီး ေ-သဆုံးသူအရေအတွက်နှင့် ထိခိုက်ဒဏ်ရာရမှု မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပျောက်ဆုံးနေသူများအပြင် လူဦးရေ ၂၀၀ ကျော်ကိုလည်း အဆိုပါဧရိယာမှ ရွှေ့ပြောင်းပေးထားရသည်ဟု နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြသည်။ Jinping ကျေးရွာတွင် ဒေသစံတော်ချိန် နံနက် ၁၁း၅၀ နာရီ၌ မြေပြိုခဲ့သည်ဟု China Standards Time က ဆိုသည်။
မြေပြိုရခြင်းအကြောင်းရင်းကို အလျင်အမြန် အကဲဖြတ်ဆုံးဖြတ်ရန်နှင့် နောက်ထပ် ဘူမိဗေဒဆိုင်ရာ အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေများ ရှိ မရှိကို ဆုံးဖြတ်ရန် ဗဟိုအစိုးရ အရာရှိများက တိုက်တွန်းထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ် အဆင့် ၃ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကြောင်း ရှင်းဟွာက ဖော်ပြသည်။ တရုတ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ အဆင့် ၄ ဆင့်ရှိပြီး အဆင့် ၁ သည် အပြင်းထန်ဆုံး အခြေအနေဖြစ်သည်။
Ref: ယဟျူးနူးစ်
