ရန်ကုန်၊ ဩဂုတ် ၃၁
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။
လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို့ ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို့ လိုအပ်သည့် အချက်အလက်များ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။
လျှောက်ထားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံရုံးမှ ကြေညာချက်အသစ်များ ထုတ်ပြန်လာမှသာ ဆက်လက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာ Form ဖြည့်သွင်းရာတွင် မိမိနှင့် သက်ဆိုင်သည့် Form ကို မှန်ကန်စွာ ရွေးချယ်ဖြည့်စွက်ပြီး သတ်မှတ် စည်းကမ်းချက်အတိုင်း ဓာတ်ပုံကပ်ကာ PDF ဖိုင်ပြုလုပ်၍ ပေးပို့ရမည်ဖြစ်သည်။
PDF ဖိုင် ပြုလုပ်သည့် နည်းလမ်းများကို WhatsApp မှတစ်ဆင့် ဆောင်ရွက်နိုင်ပုံ အပါအဝင် သံရုံးဘက်မှ မျှဝေပေးထားသဖြင့် သတင်းအချက်အလက် မမှားယွင်းစေရန် သံရုံး၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ အခြေခံ၍ ဆောင်ရွက်ကြရန် အသိပေးထားသည်။
