မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသော်လည်း ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၄၉၉(မီးငြိမ်းကုန်းဘုရား)ထိခိုက်မှုမရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မီးငြိမ်းကုန်းဘုရားသည် ၁၉၇၅ ပုဂံငလျင်တွင် ကွမ်းတောင်အထွတ်ပိုင်းပျက်စီးခဲ့ပြီး ဘုရားအား ၁၉၇၆-၁၉၇၈ ခုနှစ်၊ ၂၀၀၄-၂၀၀၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်တွင်ငလျင်ဒဏ်သင့်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့တွင် ပြုပြင်ထိန်းသိမ်းမှုအနေဖြင့် သံဟင်ဂလန်ဖြင့်ထောက်ပေးခြင်း၊ အနားသတ်ကြားသိပ်ခြင်း၊ ပစ္စယံအဆင့်များတွင် ရေပိတ်လွှာလောင်းခြင်းနှင့် အခြားလိုအပ်သည်များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဘုရား၏ အနောက်တောင်ထောင့်ရှိ တိုက်မနံရံသည် ၂၀၁၆ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့၍ မပြတ်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်၌ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှဝန်ထမ်းများကစစ်ဆေးမှုများပြုလုပ်ရာ မူလအက်ကွဲကြောင်းမှာ ပိုမိုကြီးမားခဲ့ခြင်းမရှိသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ပုဂံဌာနခွဲမှ ယင်း အက်ကွဲကြောင်းအတွင်း မိုးရေများမဝင်နိုင်စေရန်နှင့် ကြံ့ခိုင်ထိန်းသိမ်းနိုင်ရန် ငြမ်းဆင်ခြင်း၊ ဓာတုဗေဒဆေးအသုံးပြု၍ အတွင်း Mortar ကျစ်လစ်သိပ်သည်းစေရန် Consolidation ဆောင်ရွက်ခြင်း၊ Pozzolan အသုံးပြု၍ Grouting လောင်းခြင်း၊ အက်ကွဲကြောင်းအတွင်း အသားဖြည့်ခြင်း (Pointing Work)နှင့် Crack Monitor (၃)ခုတပ်ဆင်၍ အက်ကွဲကြောင်းအခြေအနေအား မပြတ်စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးငြိမ်းကုန်းဘုရားသည် ပုဂံမြို့ဟောင်းအတွင်း ပုဂံမြို့ရိုးတောင်ဘက်တွင်တည်ရှိပြီး ဉာဏ်တော်အ မြင့်(၁၃၀)ပေရှိသော အေဒီ(၁၂) ရာစုလက်ရာ Grade-1 အဆင့်ရှိ တစ်ထပ်ဂူဘုရားတစ်ဆူဖြစ်ပြီး အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI)အဖွဲ့၏ (Phase II)ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်မည့် ဘုရားစာရင်းတွင်ပါဝင်သော ဘု ရားတစ်ဆူဖြစ်ကြောင်း သိရသည်။
