ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း (၂၀၂၅-၂၀၂၆) ခုနှစ် နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မတ် ၁ ရက်မှစတင်ကာ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့်နည်းပါးစွာဖြင့် စနစ်တကျ စီမံကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နွေစပါး ၄၂၆၆ ဧကနှင့် နွေသီးနှံ ၄၄၁ ဧက၊ စုစုပေါင်း စိုက်ဧက ၄၇၀၇ ဧက စိုက်ပျိုးပြီးစီးထားကြောင်း သိရသည်။
ချောင်းမငယ်ရေလှောင်တမံ၏ မေ ၆ ရက်အထိ သိုလှောင်ရေပမာဏမှာ ၇၅၂၅၄ ဧကပေရှိပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ်ရေလှောင်တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၉၁၇၇၀ ဧကပေရှိပြီး စိစစ်ဧရိယာ ၇၂၁၉ ဧကအတွက် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိကြောင်း သိရသည်။
ဆည်ရေပေးဝေမှုစနစ်များ ပိုမိုကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေအသုံးချသူ တောင်သူများနှင့် ပူးပေါင်းကာ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
