ရန်ကုန်၊ စက်တင်ဘာ ၁၉
ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ ၃ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
ဈာပနအစီအစဉ်အရ စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ အန္တိမဈာပန သာဓုကိဠန ပူဇော်ပွဲသဘင်ကို ရှေးဦးစွာ ဆင်ယင်ကျင်းပမည်ဖြစ်သည်။
ထို့နောက် မွန်းလွဲ ၂ နာရီတွင် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်မြတ်ကို ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှ စတင်ပင့်ဆောင်မည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK သို့ ရောက်ရှိမည်ဖြစ်သည်။
ယင်းနောက် ပြည်တွင်း၊ ပြည်ပ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား နောက်ဆုံးအကြိမ် ပူဇော်ကန်တော့ကြမည်ဖြစ်သည်။
ညနေ ၄ နာရီခွဲတွင် သုဝဏ္ဏဘူမိ EVENT PARK ၌ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီက အသိပေးထားသည်။
