ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝနှင့် မင်းကင်းမြို့နယ်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိပြုကြရန် သတိပေးနှိုးဆော်ထားသည်။
ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက် ၁၁ နာရီခွဲအချိန် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေ ၁၁ လက်မခန့်အလိုသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။
အလားတူ မင်းကင်းမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၅ လက်မခန့်သာ လိုတော့သဖြင့် လာမည့် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ကလေးဝနှင့် မင်းကင်းမြို့နယ်တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် မြစ်ရေအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ကြရန်နှင့် မြစ်ရေ ဆက်လက်မြင့်တက်လာပါက ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။
