မုံရွာ၊ စက်တင်ဘာ ၂
ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က အသိပေး နှိုးဆော်ထားသည်။
ယနေ့ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေ ၄ လက်မခန့်အလို၌ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
အလားတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၌ စိုးရိမ်ရေမှတ်အောက် ၄ ပေ ၁၀ လက်မခန့်အလိုတွင် ရောက်ရှိနေကာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် မြစ်သာမြစ်ရေသည်လည်း ကလေးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၅ လက်မခန့်အလို၌ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ တိုင်းထွာရရှိသည်။
သို့ဖြစ်ပါ၍ အဆိုပါ မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ ဒေသခံ ပြည်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေ မြင့်တက်လာပါက ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ထားကြရန် မိုးဇလက အသိပေးထားသည်။
