ရွှေစည်တော် ရုပ်ရှင် ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ “ချိုမြိန်သောလက်စားချေခြင်း” ရုပ်ရှင် ဇာတ်ကားရဲ့ Gala Show (Red Carpet) ကို မေလ ၁၈ ရက်နေ့၊ ည ၇နာရီခွဲက Junction City မှာရှိတဲ့ Starium JCGV Theatre မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို အနုပညာရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် များနဲ့ ပရိသတ်များ လာရောက် ကြည့်ရှု အားပေးခဲ့ကြပါတယ်။
“ဒီဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ရွှေစည်တော် ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင် မခိုင်မာ ကိုယ်စား ကြွရောက် လာတဲ့ ဧည့်ပရိသတ်များကို အထူးပင် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်ကားမှာ ပါဝင်တဲ့ ဒါရိုက်တာ ဆရာဦးမီးပွား၊ ဆရာမ လွန်းထားထား၊ ဆရာမိုးနီလွင်၊ ပြီးတော့ ရွှေမှုန်ရတီရယ်၊ ခင်ဝင့်ဝါရယ်၊ ကျွန်တော်နဲ့အတူ ရူးရူးမိုက်မိုက် ပါဝင်ခဲ့ကြတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေရော၊ အဖွဲ့သားတွေ ရော၊ Post Production မှာ ပါဝင်တဲ့ editor တွေရော အားလုံးအားလုံးရဲ့ကိုယ်စား၊ ဧည့် ပရိသတ်များ၊ ပြီးတော့ စာနယ်ဇင်း ဆရာများ ကတစ်ဆင့် ပရိသတ်များအားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်” လို့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင် က ပြောပါတယ်။
ဒီဇာတ်ကားကတော့ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါတို့ရဲ့ အချစ်ရယ်၊ အမုန်း ရယ်၊ သံယောဇဉ် တွေကြားထဲက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း အကြောင်းကို ရိုက်ကူးထား တဲ့ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင် ဇာတ်ကားကို မေလ ၁၉ ရက်နေ့မှ စတင်ကာ မြန်မာတစ်ပြည်လုံး တစ်ပြိုင်နက် ရုံတင်ပြသ သွားမှာဖြစ်ကြောင်း သိရပါတယ်။
P060
ဓာတ်ပုံ -မင်းမင်းထွန်း
