ယခုနှစ်အတွင်း ပြည်ပမှတင်သွင်းကုန်ဖြစ်သည့် ပဲပုပ်ဖတ် အဝင်မရှိသည့်အတွက် မွေးမြူရေးအစာစပ်စက်ရုံများတွင် ကြက်စာ၊ ဘဲစာအတွက် ငါးကုံးညိုခြောက်နှင့် ငါးစုံငါးခြောက်ကို အားထားနေရကြောင်းသိရသည်။
လက်ရှိတွင် ကြက်စာ၊ ဘဲစာငါးစျေးသည် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေလုပ်သားအများစုကလည်း ရရှိလာသော ငါးများအနက်မှ တန်ဖိုးကြီး ငါးများကိုသာ ငါးခြောက်ခွဲရောင်းချကြပြီး ကျန်သောငါးများကို ကြက်စာ၊ ဘဲစာအဖြစ် နေလှန်းကာ စက်ရုံသွင်းရောင်းချကြခြင်းဖြစ်သည်။
လက်ရှိတွင် ဘုရင့်နောင်ပွဲရုံပေါက်စျေးအရ ငါးကုံးညိုငါးခြောက်တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ကျော်အထိ ပေါက်စျေးရှိပြီး၊ ငါးစုံငါးခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ အထိ အမြင့်ဆုံးစျေးဖြစ်နေကြောင်း ကုန်သည်ဦးအေးမင်းက ပြောသည်။
ငါးကုံးညိုငါးမှာယခင်က လူစားငါးအဖြစ်ရောင်းချသော်လည်း လက်ရှိတွင် ကြက်စာ၊ ဘဲစာအဖြစ် ရောင်းချနေကြောင်း သိရသည်။
`’အရင်က ကြက်စာ၊ ဘဲစာကို စက်ရုံတွေက ပြည်ပကနေ တင်သွင်းသော ပဲပုပ်ဖတ်ကို သုံးလာခဲ့ရာမှ ခုကျတော့ ပဲပုပ်ဖတ်မရတော့လို့ ပြည်တွင်းငါးခြောက်ကို ပြန်သုံးလာတာကြောင့် အခုလိုဝယ်လိုအားများပြီး အမြင့်ဆုံးစျေးအထိ ရောက်သွားရတာဖြစ်ပါတယ်‘’ဟု ကုန်သည်တစ်ဦးက ပြောသည်။
ယခုအခါ နိုင်ငံတော်ကလည်း ပြည်တွင်းအစာစပ် စက်ရုံများ၏ လိုအပ်ချက် ဖြည့်တင်းပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
