ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စွမ်းအင်တိုးမြှင့်တင်ပို့သွားရန် အသင့်ရှိကြောင်း ဧပြီလ ၁၅ ရက် နေ့ က ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောဆိုကြောင်း ရုရှားသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည်ဟု မျှော်လင့်ရသော ခရီးစဉ်မတိုင်မီ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတ၏ ခရီးစဉ်သည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြစ်ပေါ်လာမည်ဟု မစ္စတာ လက်ဗရော့ဗ်က ပြောဆိုကြောင်း အဆိုပါသတင်းဌာနများက ဖော်ပြခဲ့ပြီး မေလ ၁၈ ရက် နေ့တွင် စတင်မည့် ရက်သတ္တပတ်အတွင်း ခရီးစဉ်ဖြစ်ပေါ်လာမည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ Vedomosti သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဧပြီလ ၁၅ ရက်နေ့တွင် မစ္စတာ လက်ဗရော့ဗ်နှင့် တွေ့ဆုံခဲ့ပြီး မော်စကိုအတွက် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို အာမခံခဲ့သည်။ တရုတ်နှင့် ရုရှားတို့သည် အပြန်အလှန်ယုံကြည်ပြီး ထောက်ပံ့ရမည်ဖြစ်ကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ကာကွယ်ရမည်ဟု ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ထိခိုက်ခဲ့သော တရုတ်နှင့် အခြားနိုင်ငံများကို စွမ်းအင်ထောက်ပံ့မှုများဖြင့် ကူညီရန် အသင့်ရှိနေကြောင်း မစ္စတာ လက်ဗရော့ဗ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် မိမိတို့သည် တန်းတူညီမျှပြီး အပြန်အလှန်အကျိုးစီးပွားရှိသော အခြေခံဖြင့် လုပ်ဆောင်ရန် စိတ်ဝင်စားသည့် အခြားနိုင်ငံများ ရင်ဆိုင်နေရသော အရင်းအမြစ်ပြတ်လပ်မှုကို ရုရှားက ဖြည့်ဆည်းပေးနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ လက်ဗရော့ဗ်က ပြောကြားခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
