အွန်လိုင်းလိ-မ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို လက်ရှိတွင် နယ်စပ်ဒေသများ၌ မြန်မာအပါအဝင် ထိုင်း၊ တရုတ််နိုင်ငံတို့ ပူးပေါင်းဖမ်းဆီးနေပြီး မြို့ကြီးများကို ပြောင်းရွှေ့လာပါကလည်း ကောင်းစွာထိန်းချုပ်ဖော်ထုတ်နိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဘီဘီစီ မြန်မာပိုင်းက မေးမြန်းမှုနှင့်ပတ်သက်၍ ပြန်လည်ဖြေဆိုရာတွင် နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြဝတီ၊ ရွှေကုက္ကိုလ်၌ ရှိသည့် ကျားဖြန့်လုပ်ငန်းများကို အစိုးရက ပူးပေါင်း နှိမ်နင်းနေပြီး ယင်းလုပ်ငန်းများကို ဆက်လက်ဖော်ထုတ်မည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယင်းလုပ်ငန်းများသည် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများကို ရောက်ရှိပါကလည်း သတင်းရရှိမှု အားသာသောကြောင့် ကောင်းစွာ ထိန်းချုပ်နိုင်ကြောင်း ပြောသည်။
ထိုနည်းတူ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အွန်လိုင်းငွေလိ-မ်လုပ်ငန်းများ၌ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေပါက ပြတ်ပြတ်သားသားအရေးယူရန် ညွှန်ကြားထားကြောင်းလည်း သူက ပြောသည်။
လက်ရှိတွင် ရွှေကုက္ကိုလ်သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၅ဝ) ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိ-မ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တဆင့်ဝင်ရောက်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား (၂၅၀) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိ မ်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန် နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၁၉) ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံ သား စုစုပေါင်း (၁၅၅၃) ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
