ပေါင်၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ တပ်ဆင်ထားရှိမှု၊ ဂိတ်စောင့်ဝန်ထမ်းများ လုပ်ငန်းခွင်အဆင်သင့်ရှိမှုနှင့် တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် သတ်မှတ်ထားသည့် ရထားလမ်းကူး (Level Crossing) များ၌ မောင်းတံဂိတ်များ တပ်ဆင်ထားရှိပြီး ဂိတ်စောင့်ဝန်ထမ်းများကို စနစ်တကျ တာဝန်ချထားရန်၊ ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ သတိပြုနိုင်စေရန် “ရပ်၊ ကြည့်၊ သွား” သတိပေးအမှတ်အသားများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို ထင်သာမြင်သာရှိသည့်နေရာများ၌ စိုက်ထူထားရန် မှာကြားခဲ့သည်။
ထို့ပြင် ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးနေရာများကို စနစ်တကျပိတ်သိမ်းရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
