စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) များအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေ သတ်မှတ်ချက်များကို အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ Organizer အဖြစ် မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး ကျပ် ၃၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းတိုးရာတွင်လည်း သက်တမ်းတိုးကြေး ကျပ် ၃၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသတ်မှတ်ချက်များကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(စ) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ(ခ) တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တွင် Organizer အဖြစ် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်းလည်း ကြေညာထားသည်။
လျှောက်ထားရာတွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ Company Director List၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်(မိတ္တူ)၊ ကုမ္ပဏီ၏ သုံးနှစ်စာအခွန်ထမ်းဆောင်မှုအထောက်အထား၊ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်နှင့် သက်ဆိုင်ရာအသင်း၏ ထောက်ခံချက်တို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
