အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ဘန်ကောက်မြို့တစ်ဝိုက်တွင် ကုန်ပစ္စည်းများ အဓမ္မရောင်းချခိုင်းခြင်း၊ အရောင်းတားဂက်မပြည့်မီပါက ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါကလေးငယ်ကို လက်မောင်းကျိုးဒဏ်ရာဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဘန်ကောက်မြို့၊ ဆွန်လွမ်(Suan Luang) ခရိုင်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်ရေးဌာနမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ရဲချုပ် ရဲဗိုလ်ချုပ် ဆယမ်ဘွန်ဆွန် (Pol Lt Gen Sayam Boonsom) က ပြောကြားခဲ့သည်။
အဆိုပါ နေအိမ်တွင် ရဲတပ်ဖွဲ့က အခြားကလေးငယ် ၅ ဦးကိုလည်း ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူများသည် အဆိုပါ ကလေးငယ်များအား မြို့တော်တစ်ဝိုက်ရှိ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းနေရာများတွင် နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ပန်းနှင့် မုန့်များ အဓမ္မရောင်းချခိုင်းကာ ခေါင်းပုံဖြတ်ခဲ့ကြသည်။
အကယ်၍ ကလေးငယ်များ အရောင်းတားဂက်မပြည့်ပါက သံသယရှိသူများက ၎င်းတို့ကို ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ခံရသူ ကလေးငယ်များသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစု အုပ်စုများမှ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။