မတ် ၂၁ ရက်
ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်သူများအပေါ် ကျရောက်နေသည့် ငွေကြေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးရန်အတွက် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် ကောက်ခံသည့် ထပ်ဆောင်းအခွန်များကို လျှော့ချရန် ဆုံးဖြတ်လိုက်သည်။
ဝန်ကြီးချုပ် ဟွန်မာနက်၏ ဦးဆောင်မှုဖြင့် ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝန်း ရေနံဈေးနှုန်း မတည်ငြိမ်မှုများကြားမှ အိမ်ထောင်စုများ၏ စားဝတ်နေရေးကို အထောက်အကူပြုရန် လုပ်ဆောင်သည့် ကြီးကျယ်သော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
အစိုးရ၏သတင်း ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းကို တစ်လီတာလျှင် ၀.၀၆၅ ဒေါ်လာ ဆက်လက်လျှော့ချပေးသွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငတကာ ဓာတ်ဆီဈေးနှုန်းသည် တစ်စည်လျှင် ၉၀ ဒေါ်လာထက် ကျော်လွန်ပါကလည်းကောင်း၊ ဒီဇယ်ဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ထက် ကျော်လွန်ပါကလည်းကောင်း တစ်လီတာလျှင် ၀.၀၁ ဒေါ်လာ ထပ်မံလျှော့ချပေးသွားမည် ဖြစ်သည်။ အစိုးရသည် စက်သုံးဆီတင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံမှုကိုလည်း ၀% အဖြစ် ဆက်လက်သတ်မှတ်ထားသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကို တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ်သည် အောက်ပါ အခွန်သက်သာခွင့် အစီအစဉ်များကို ထပ်မံအတည်ပြုခဲ့သည်။ ယင်းတို့တွင် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် ကောက်ခံသည့် ထပ်ဆောင်းအခွန်ကို ၀% သို့ လျှော့ချခြင်း၊ ဒီဇယ်အပေါ် ကောက်ခံသည့် အထူးအခွန်ကို ၄ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့ လျှော့ချခြင်းနှင့် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် ထပ်ဆောင်းအခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ လျှော့ချပြီး ကျန်ရှိသော ၆ ရာခိုင်နှုန်းကို အစိုးရက စိုက်ထုတ်ကျခံပေးခြင်းတို့ ပါဝင်သည်။
ဤဈေးနှုန်းသတ်မှတ်ချက်အသစ်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး နောက်ထပ် ပြင်ဆင်ထုတ်ပြန်ခြင်းမရှိသရွေ့ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ပြင်ဆင်သတ်မှတ်လိုက်သော နှုန်းထားများအရ ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၅,၄၀၀ ရီယဲလ်နှင့် ဒီဇယ်တစ်လီတာလျှင် ၆,၇၀၀ ရီယဲလ် ဖြစ်လာမည်ဖြစ်သည်။
Ref: ခမာတိုင်းမ်စ်
