“ပတ္တမြားမြေ” ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။
မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း
မြန်မာ့ပတ္တမြားသည် ပုဂံခေတ်ကတည်းကပင် ထင်ရှားခဲ့ပြီး မင်းအဆက်ဆက် တန်ဖိုးထား ဝတ်ဆင်ခဲ့ကြသော ရတနာဖြစ်သည်။
မင်းတုန်းမင်းလက်ထက်တွင် ရရှိခဲ့သော “ပတ္တမြား ငမောက်” မှာ ကမ္ဘာကျော်ခဲ့ပြီး ယနေ့တိုင် သမိုင်းတွင်နေသည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။
မြန်မာ့ပတ္တမြားကို ကမ္ဘာက အသိ အမှတ်ပြုရသည့် အဓိကအချက်မှာ
ခိုသွေး (Pigeon’s Blood) ဟုခေါ်သော အနီရောင်ရင့်ရင့် အရည်အသွေးကြောင့်ဖြစ်သည်။ ဤအရောင်မျိုးသည် ကမ္ဘာပေါ်တွင် မိုးကုတ်ဒေသမှသာ အကောင်းဆုံး ထွက်ရှိလေ့ရှိသည်။
ကမ္ဘာ့ပတ္တမြားစျေးကွက် အခြေအနေ
လက်ရှိ ကမ္ဘာ့ကျောက်မျက်စျေးကွက်တွင် ပတ္တမြားသည် စိန်ထက်ပင် စျေးနှုန်းမြင့်မားသည့် အနေအထားသို့ ရောက်ရှိနေသည်။
တန်ဖိုးမြင့်တက်မှု
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အရည်အသွေးမြင့် ပတ္တမြားများ၏ စျေးနှုန်းသည် ၅ ဆမှ ၁၀ ဆအထိ မြင့်တက်ခဲ့သည်။
လေလံပွဲများ
ကမ္ဘာကျော် Christie’s နှင့် Sotheby’s လေလံပွဲများတွင် မြန်မာ့ပတ္တမြား (Mogok Ruby) ဟု အမည်တပ်ထားသော ကျောက်မျက်များသည် တစ်ကရက်လျှင် ဒေါ်လာသန်းချီ၍ စျေးနှုန်းရရှိလေ့ရှိသည်။ ဥပမာအားဖြင့် “Sunrise Ruby” သည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၃၀ သန်းကျော်ဖြင့် စံချိန်တင် ရောင်းချခဲ့ရသည်။
စျေးကွက်ဝယ်လိုအား
အာရှ (အထူးသဖြင့် တရုတ်နိုင်ငံ) နှင့် အရှေ့အလယ်ပိုင်းမှ သူဌေးကြီးများအကြား မြန်မာ့ပတ္တမြားကို ဝတ်ဆင်ရန်သာမက အရင်းအနှီး တစ်ခုအနေဖြင့်ပါ စိတ်ဝင်စားမှု မြင့်တက်နေသည်။
မြန်မာ့မြေမှ ပေါ်ထွန်းခဲ့သည့် သမိုင်းဝင် ပတ္တမြားကြီးများ
မြန်မာနိုင်ငံ၏ ရတနာမြေဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ဒေသသည် ကမ္ဘာကျော်ပတ္တမြားများ စဉ်ဆက်မပြတ် ထွက်ရှိရာနေရာဖြစ်ပြီး ယခုအခါ အလေးချိန် ၁၁,၀၀၀ ကရက် (၂,၂၀၀ ဂရမ်) ရှိသည့် ပတ္တမြားကြီးတစ်ပွင့်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြန်သည်။
မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့သည့် ဧရာမပတ္တမြားကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
နဝတ ပတ္တမြား (၁၉၉၀ ပြည့်နှစ်) – အလေးချိန် ၄၉၆ ဒသမ ၂၅ ကရက် (၉၉ ဒသမ ၂၅ ဂရမ်) ရှိပြီး ရှားပါးတန်ဖိုးကြီးမားသည့် ပတ္တမြားကြီးအဖြစ် စတင်တွေ့ရှိခဲ့သည်။
၁၉၉၆ ခုနှစ် တွေ့ရှိသည့်ပတ္တမြား -အလေးချိန် ၂၁,၄၅၀ ကရက် (၄,၂၉၀ ဂရမ်) ရှိကာ ယနေ့အထိ အလေးချိန်အားဖြင့် အများဆုံး ပတ္တမြားကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၂၀၂၂ ခုနှစ် တွေ့ရှိသည့် ပတ္တမြား – အလေးချိန် ၂,၇၈၉ ဒသမ ၂၅ ကရက် (၅၅၇ ဒသမ ၈၅ ဂရမ်) ရှိသည့် အဖိုးတန်ရတနာကြီးကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။
ယခု နောက်ဆုံးတွေ့ရှိချက်: အလေးချိန် ၁၁,၀၀၀ ကရက် (၂,၂၀၀ ဂရမ်) ရှိသည့် ပတ္တမြားကြီး ဖြစ်သည်။
ထူးခြားချက်နှင့် အရည်အသွေး
အဆိုပါ ပတ္တမြားလေးပွင့်စလုံးသည် မိုးကုတ်ဒေသထွက်များဖြစ်ကြပြီး တစ်ပွင့်ချင်းစီအလိုက် ထူးခြားသည့် ဂုဏ်သတ္တိများ ရှိကြသည်။
အထူးသဖြင့် ၁၉၉၆ ခုနှစ်က တွေ့ရှိခဲ့သော ပတ္တမြားကြီးသည် အလေးချိန်အများဆုံး ဖြစ်သော်လည်း၊ ယခုနောက်ဆုံးတွေ့ရှိသည့် ၁၁,၀၀၀ ကရက်ရှိ ပတ္တမြားကြီးသည် အရောင်အသွေးနှင့် အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်သည့်အတွက် တန်ဖိုးအားဖြင့် ပိုမိုမြင့်မားကြောင်း သိရှိရပါသည်
ကျောက်မျက်လုပ်ငန်းရှင်များအတွက် အကြံပြုချက်
ကျောက်ရိုင်းအတိုင်း ရောင်းချခြင်းထက် ကျွမ်းကျင်သော ဒီဇိုင်းဆရာများ၊ ပန်းထိမ်ပညာရှင်များနှင့် ပူးပေါင်းကာ ဒီဇိုင်းဆန်းသစ်သည့် လက်ဝတ်ရတနာများ အဖြစ် ပြုလုပ်ရောင်းချခြင်းက အကျိုးအမြတ် ပိုမိုရရှိစေပါသည်။
ယနေ့ကမ္ဘာတွင် Ethical Sourcing ကို အလေးထားလာကြသဖြင့် ပတ်ဝန်းကျင် မပျ-က်စီးစေသော နည်းစနစ်များဖြင့်တာဝန်ယူမှုရှိသော တူးဖော်မှုမျိုးလုပ်ဆောင်ရန် ပိုမိုလိုအပ်လာပါသည်။