ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။
အဆိုပါ ကုမ္ပဏီသည် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Main Board တွင် စာရင်းဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း YSX မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့ပြင် YSX ၏ စာရင်းဝင်အကြိုဈေးကွက်ဖြစ်သော Pre-listing Board (PLB) တွင် စာရင်းဝင်နိုင်ရန် ပြင်ဆင်နေသော ကုမ္ပဏီအချို့လည်း ရှိနေပြီး PLB တွင် စတင်ရောင်းဝယ်သည့် ကုမ္ပဏီများအနေဖြင့် နောက်ပိုင်းတွင် Main Board သို့ ဝင်ရောက်နိုင်ရန် ဆက်လက်ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် YSX Main Board တွင် စာရင်းဝင်ထားသော ကုမ္ပဏီစုစုပေါင်း (၈) ခု ရှိပြီး ယင်းတို့မှာ First Myanmar Investment (FMI)၊ Myanmar Thilawa SEZ Holdings (MTSH)၊ Myanmar Citizens Bank (MCB)၊ First Private Bank (FPB)၊ TMH Telecom Public Co., Ltd (TMH)၊ Ever Flow River Group (EFR)၊ Amata Holding Public Co., Ltd (AMATA) နှင့် Myanmar Agro Exchange Public Co., Ltd (MAEX) တို့ဖြစ်သည်။
