ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ၂၀၂၄ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆုများကို ကျပ်သိန်း (၇၀၀) ကျော်ချီးမြှင့်ခဲ့သည်။
ယင်းဆုများသည် YBS စံပြယာဉ်မောင်းဆု၊ တာဝန်သိယာဉ်မောင်းဆုနှင့် လူမှုကွန်ရက်မှတဆင့် ပြည်သူများရွေးချယ်သည့် ဝန်ဆောင်မှုကောင်း ယာဉ်မောင်းဆုတို့ဖြစ်သည်။
ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ (၂၁) ရက်၊ နံနက်ပိုင်းက YRTC ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကာ ၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူတစ်ဦးကို (၆) သိန်းကျပ်နှုန်းဖြင့် ယာဉ်မောင်း (၄၈)ဦး၊ တာဝန်သိယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်(၃)သိန်းနှုန်းဖြင့် ယာဉ်မောင်း (၁၄၈)ဦး၊ လူမှုကွန်ရက်မှ ပြည်သူများက ရွေးချယ်ပေးသည့် ဝန်ဆောင်မှုကောင်း ယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်(၃)သိန်းနှု န်းဖြင့် ယာဉ်မောင်း(၄)ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ယာဉ်မောင်းဆုများချီးမြှင့်ရာ၌ YRTC က ထုတ်ပြန်ထားသည့် ပြစ်မှုပြစ်ဒဏ် (၁၃၈)ချက်ပါ ပြစ်ဒဏ်ကင်းရှင်းသူ၊ Yangon Traffic Control Center နှင့် Yangon Bus Operator (YBO) စစ်ဆေးချက်မှတ်တမ်းပါ ပြစ်မှုကင်းရှင်းသူများ၊ YRTC ID Card ရှိတဲ့ ယာဉ်မောင်းများ၊ ကုမ္ပဏီ၌ အနည်းဆုံးလုပ်သက် (၁) နှစ်နှင့်အထက် မောင်းနှင်နေသူများ၊ အလုပ်ဆင်းရက် အများဆုံးနှင့် ခေါက်ရေအများဆုံးမောင်းနှင်ထားသူများအပြင် ပြစ်မှုပြစ်ဒဏ်ကင်းသူများစသည့် အချက်များကို အခြေခံပြီး ဘုတ်အဖွဲဖြင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
