မေလ ၆ ရက်
ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော အဓိကစီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အတည်ပြုချက်များတွင် TikTok ၏ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွဲက ဆောင်ရွက်မည့် ဘတ် ၈၄၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အဦတိုးချဲ့ရေးစီမံကိန်းလည်း ပါဝင်ကြောင်း ဘီအိုအိုင်I ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ဒီစီမံကိန်းဟာ ဘန်ကောက်၊ စမွတ်ပရာကန်နဲ့ ချချိုးဆောင်ပြည်နယ်တွေတစ်လျှောက်မှာ ဆာဗာအသစ်တွေ တပ်ဆင်တာ၊ ဒေတာသိမ်းဆည်းမှုနဲ့ လုပ်ဆောင်မှု အခြေခံအဆောက်အဦတွေကို တိုးချဲ့တာတွေ ပြုလုပ်သွားမှာပါ။ ဒါဟာ များပြားတိုးပွါးလာတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာဖြစ်သလို ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်” ဟု ဘီအိုအိုင်က ဆိုသည်။
တရုတ်နိုင်ငံ ByteDance ကုမ္ပဏီပိုင် TikTok သည် ပြီးခဲ့သည့်နှစ်က ဒေတာစင်တာများအတွက် ငါးနှစ်အတွင်း ဒေါ်လာ ၈.၈ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့ဖူးသည်။
အခြေခံအဆောက်အဦပိုင်း ရင်းနှီးမြှုပ်နှံမှုအပြင် TikTok အနေဖြင့် ထိုင်းလုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များကို ဖန်တီးပေးရန်နှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်အတွက် ဒစ်ဂျစ်တယ်အသိပညာပေးခြင်းနှင့် အီးကောမတ်စ် သင်ရိုးညွှန်းတမ်းများကို ဖော်ဆောင်ပေးရန်လည်း ကတိပြုထားကြောင်း သိရသည်။
TikTok ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူ ၂ ဘီလျံကျော်ရှိပြီး အရှေ့တောင်အာရှတွင် အသုံးပြုသူ ၃၆၈ သန်းနှင့် စီးပွားရေးလုပ်ငန်းသုံး အသုံးပြုသူ ၁၅ သန်းကျော်ရှိသော ကမ္ဘာလုံးဆိုင်ရာ ဗီဒီယို အတိုနှင့် လူမှုကွန်ရက် ကူးသန်းရောင်းဝယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်သည်။
TikTok သည် ၎င်း၏ ထိုင်းနိုင်ငံလုပ်ငန်းခွဲဖြစ်သော TikTok Technologies ကုမ္ပဏီ ကို ၂၀၂၁ ခုနှစ်တွင် ဒေသတွင်းလုပ်ငန်းလည်ပတ်ရေးရုံးအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဘီအိုအိုင် ၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှု လျှောက်ထားလွှာများမှာ ယခင်နှစ်ကာလတူထက် ၂.၄ ဆခန့် မြင့်တက်လာပြီး စုစုပေါင်း ဘတ် ၁ ထရီလျံကျော်အထိ ရှိနေကြောင်း သိရသည်။ ယင်းမှာ အထူးသဖြင့် ဉာဏ်ရည်တု (အေအိုင်) နည်းပညာ တိုးတက်လာမှုနှင့်အတူ ဒစ်ဂျစ်တယ်နှင့် အီလက်ထရွန်နစ်ကဏ္ဍရှိ စီမံကိန်းကြီးများကြောင့် ဖြစ်သည်ဟု ဆိုသည်။
Ref: ဘန်ကောက်ပို့စ်
