နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik Tok စီအီးအို Chew Shou Zi သည် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် Mar-a-Lago တွင် တွေ့ဆုံခဲ့သည်။
လူငယ်မဲဆန္ဒရှင်များကို စည်းရုံးရာတွင် သူ အသုံးပြုခဲ့သော Tik Tok ဆက်လက်ရပ်တည်နိုင်ရေးအတွက် တားမြစ်ချက်ကို တနည်းတဖုံ ပြောင်းပြန်လှန်ရန် ထရမ့်ပ်က သဘောထားပေးခဲ့ပြီး နာရီပိုင်းအကြားတွင် အဆိုပါ သီးသန့်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်းဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အတည်ပြုခဲ့သည်။
“Tik Tok ကို သုံးသပ်ရမယ်” ဟု ဒီဇင်ဘာ ၁၆ ရက်အစောပိုင်းတွင် ထရမ့်ပ်က သတင်းထောက်များကို ပြောဆိုခဲ့ပြီး Tik Tok အတွက် သူ့ရင်ထဲတွင် နွေးထွေးသောနေရာတစ်ခုရှိနေသည်ဟု ဆိုခဲ့သည်။
ထရမ့်ပ်သည် သူ၏ ပထမ သမ္မတသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်က Tik Tok ကို ပိတ်ပင်ရန် ကြိုးစားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အက်ပ်အပေါ် သူ၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်။
ထရမ့်ပ်နှင့် မစ္စတာ Chew တို့ ဆွေးနွေးခဲ့သည့်အကြောင်းအရာကို လတ်တလော မသိရသေးပေ။ ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့မှုကိုလည်း Tik Tok ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တုန့်ပြန်ဖြေကြားခြင်း မပြုခဲ့ပေ။
Tik Tok ၏ တရုတ်နိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ ByteDance သည် အက်ပ်ကို အမေရိကန်နိုင်ငံသားပိုင်ရှင်ထံ ရောင်းချရန် သဘောတူခြင်းမရှိပါက သမ္မတ ဂျိုးဘိုင်ဒက်လက်မှတ်ရေးထိုးထားသော ဥပဒေတစ်ခုအရ ဇန်နဝါရီ ၁၉ ရက်တွင် အက်ပ်ကို ပိတ်သိမ်းရမည်ဖြစ်သည်။
Ref: သည်ထရိတ်တိုင်းမ်စ်
