ရန်ကုန်၊ ဩဂုတ် ၁၆
NUGက လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်၍ “အောင်လံလွှင့်ချီ နွေဦးထီ” အမည်ဖြင့် ထီဖွင့်လှစ်ရောင်းချမည့် အစီအစဉ်တွင် ပုဂ္ဂလိကဘဏ်များ မှငွေစာရင်းများနှင့် တရားဝင်ခွင့်ပြုထားသော ပြည်တွင်းငွေလွှဲ လုပ်ငန်းများ၏ ဘဏ်ငွေစာရင်းများအား အသုံးပြုဆောင်ရွက် လာပါက လိုအပ်သလို စိစစ်အရေးယူနိုင်ရေးညှိနှိင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန် အကြောင်းကြားထားသည်။
လက်ရှိအောင်ဘာလေထီကဲ့သို လုံခြုံမှုအဆင့်ပါ ရှိသည့်စာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ဖြူးရန် အခက်အခဲရှိခြင်း၊ လိုအပ်ချက်များကြောင့် Paper Lottery စနစ်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ Online မှတစ်ဆင့် ထီရောင်းခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ပုဂ္ဂလိကဘဏ်များ၏ Online Banking စနစ်အားအသုံးပြု၍ ငွေလွှဲပေးချေမှုများ၊ Digital Payments အသုံးပြု၍ လွှဲပြောင်းပေးချေမှုများ ဆောင်ရွက် လာနိုင်သောကြောင့် ဘဏ်များ၏ နေ့စဉ်ငွေလွှဲပြောင်းဆောင်ရွက်ခြင်းတွင် ငွေလွှဲ ပေးချေရသည့် အကြောင်းအရင်းအပြည့်အစုံ၊ ငွေလွှဲသူစာရင်းအမှတ်၊ လက်ခံသူစာရင်းအမှတ်၊ ငွေသားပမာဏ စသည့်အချက်အလက်များ စိစစ်ရန်၊ မည်သည့် Online စနစ်ဖြင့်မဆို ပေးချေမှုများတွင် အချက်အလက်ပြည့်စုံစွာ ထည့်သွင်းရန်နှင့် CRPH နှင့် NUG မှရောင်းချသော အောင်လံလွှင့်ချီ နွေဦးထီအတွက် တရားမဝင်ငွေလွှဲပြောင်းမှုများကို သေချာစွာစောင့်ကြည့်ရန်နှင့် တွေ့ရှိပါကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့အကြောင်းကြားရန် ထုတ်ပြန်ထားသည်။ ပျက်ကွက်ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း သိရသည်။
ဗဟိုဘဏ်အနေနဲ့လည်း ယခုကာလတွင် ဘဏ်ဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တိုညှိနှိင်းချက် အရ ငွေကျပ် ငါးသောင်းမှ သိန်းငါးထောင်အထိ ဆုမဲများအပေါ် ကနဦးငွေသား ထုတ်ယူလိုပါက ငွေကျပ်သိန်းငါးရာအထိကို တစ်လုံး တစ်ခဲတည်း ထုတ်ပေးလျက်ရှိကာ ဆုမဲကျန်ငွေကို ဘဏ်စာရင်းဖွင့်လှစ်ပြီး ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်း မြန်မာ့စီးပွါးရေး ဘဏ် မှထုတ်ပေးလျက်ရှိကြောင်း စီမံဘဏ္ဍာမှတာဝန်ရှိသူတစ်ဦးကကြေးမုံသတင်းစာတွင်ပြောထားသည်ကိုတွေ့ရသည်။
ထိုအပြင် ထီဆုမဲခွဲဝေမှုကိုလည်း လက်ရှိ ခွဲဝေပေးသော ၆၀ရာခိုင်နှုန်းထက် တိုးမြှင့်ခွဲဝေပေးနိုင်ရန်နှင့် ထီဆုငွေထုတ်ယူရာတွင် ငွေကန့်သတ်ချက် မထားဘဲ အပြည့်အဝထုတ်ယူခွင့်ရရှိနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထီကံစမ်းရာတွင် ပိုမိုလွယ်ကူ အဆင်ပြေရန်နှင့် ထီဈေးနှုန်း တည်ငြိမ်စေရန်အတွက်လည်း ကိုးပမ်းလျက်ရှိကြောင်း၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု များပေးနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်းလည်း ၎င်းပြောကြားချက်အရသိရသည်။