NCA စာချုပ် လက်မှတ်ရေးထိုးမှု (၁၀) နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများအပေါ် အချင်းချင်းအမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ပြီး အလွတ်သဘောကျယ်ပြန့်စွာဆွေးနွေးမည်ဖြစ်ကြောင်း NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ယမန်နေ့က ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား အသွင်သဏ္ဌာန်နှင့် အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး၊ အခမ်း အနားကျင်းပရေး လုပ်ငန်းကော်မတီများ ဖွဲစည်းမှုနှင့် လုပ်ငန်းတာဝန်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးနိုင်ရေးကိစ္စများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားနယ်မြေများတွင် ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမှုလုပ်ငန်း ဆောင်ရွက်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပြခန်းများတွင် ပါဝင်ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို လာမည်အောက်တိုဘာ(၁၅)ရက်တွင် ကျရောက်မည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲဆောင်ပုဒ်အဖြစ် “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ဟု သတ်မှတ်ထားပြီး “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသောအနာဂတ်တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” Theme ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
