နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက နိုင်ငံတစ်ခု၏ စီးပွားရေးမောင်းနှင်အား အားကောင်းမှသာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် အရင်းအနှီးနည်းပါးစွာဖြင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းများကို တန်ဖိုးမြှင့် (Value-added) ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန်၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်ရန်နှင့် ပြည်တွင်းပြည်ပဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း လမ်းညွှန်မှာကြားခဲ့သည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ နည်းပညာကျွမ်းကျင်မှုနှင့် အခြားသွင်းအားစုများသည် အရေးပါကြောင်း၊ လက်ရှိလျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဒေသအလိုက် နေရောင်ခြည်စွမ်းအင်သုံး (Solar) စနစ်များ တိုးချဲ့အသုံးပြုသင့်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အခြေပြု ကျွမ်းကျင်မှုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်လိုကြောင်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို ဦးစားပေး၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍတွင် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ရေအရင်းအမြစ် လုံလောက်စေရေး၊ နှမ်း၊ ဝါ၊ ရာဘာ၊ ကော်ဖီနှင့် သရက်ကဲ့သို့ တန်ဖိုးမြင့်သီးနှံများကို MSME လုပ်ငန်းများအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါးကို အခြေခံသည့် လူသုံးကုန်ထုတ်လုပ်မှုများကိုလည်း တိုးချဲ့ဆောင်ရွက်သင့်ကြောင်း လမ်းညွှန်ခဲ့သည်။
ဆန်စက်များ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် အရည်အသွေးကို မြှင့်တင်ရန်၊ အစားအသောက်များကို ဈေးနှုန်းသက်သာပြီး အရည်အသွေးမီစွာ ထုတ်လုပ်နိုင်ရန်၊ စက်မှုဇုန်များနှင့် စက်မှုရပ်ကွက်များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာစံချိန်မီ အထူးစီးပွားရေးဇုန်များကိုလည်း စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍတွင် KG+9 ပညာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်လိုကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တန်ဖိုးအရှိဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းနှင့် ပြည်သူများ နားလည်လွယ်ကူသည့် ပညာပေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် ကိန်းဂဏန်းနှင့် စာရင်းအင်းအချက်အလက်များ တိကျမှန်ကန်ရေး၊ အချက်အလက်အခြေပြု စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးနှင့် ကြိုးနီစနစ်များကို ပြန်လည်သုံးသပ်ကာ လုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်ခဲ့သည်။
AI နည်းပညာသည် MSME လုပ်ငန်းများနှင့် ခွဲခြား၍မရသည့် ခေတ်သစ်ဖွံ့ဖြိုးတိုးတက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် နည်းပညာအသုံးချမှု၊ ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုအရှိန်အဟုန်ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် စိတ်စေတနာကောင်းဖြင့် တာဝန်ယူဆောင်ရွက်ကြပါက ရေရှည်တိုးတက်မှုများ ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
