ဗိုလ်လုပွဲတွင် Cherry Army FC ကို (၄-၂) ဂိုးဖြင့် အနိုင်ရ
Fire Dragon Futsal Amateur Cup 2026 ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် KSL FC အသင်းက Cherry Army FC အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲကို ဇွန် ၂၈ ရက်က MFF Futsal Stadium ၌ ကျင်းပခဲ့ပြီး ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် EABC Distribution Co., Ltd. မှ National Event & Activation Manager ဦးမျိုးမင်းလတ်က ပြိုင်ပွဲတာဝန်ထမ်းဆောင်ခဲ့သည့် ဒိုင်လူကြီးများအား အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲ၏ Fair Play (အသန့်ရှင်းဆုံးအသင်း) ဆုကို Seven FC အသင်းက ရရှိခဲ့ပြီး အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် ၅ သိန်း ချီးမြှင့်ခံခဲ့ရသည်။
တစ်ဦးချင်းဆုများတွင် KSL FC အသင်းမှ ဇော်ရဲထက်က အကောင်းဆုံးဂိုးသမားဆုနှင့် ဆုကြေးငွေ ကျပ် ၃ သိန်း ရရှိခဲ့ပြီး၊ အသင်းဖော် အောင်ကိုမင်းက အကောင်းဆုံးကစားသမားဆုနှင့် ဆုကြေးငွေ ကျပ် ၃ သိန်း ရရှိခဲ့သည်။
အသင်းလိုက်ဆုများတွင် DAE FC အသင်းက တတိယဆုနှင့် ဆုကြေးငွေ ကျပ် သိန်း ၃၀၊ Cherry Army FC အသင်းက ဒုတိယဆုနှင့် ဆုကြေးငွေ ကျပ် သိန်း ၅၀ ရရှိခဲ့သည်။
ချန်ပီယံ KSL FC အသင်းသည် ချန်ပီယံဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ဆုကြေးငွေ ကျပ် သိန်း ၇၀ ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။