ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
အဆိုပါ စီမံကိန်းအတွက် ငါးနှစ်တာ သဘောတူစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၃ ရက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းမှု အပါအဝင် မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုးရှိသော ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။
ရွေးချယ်ခံရသူများတွင် Grade-8 မှ Grade-12 အထက်တန်းကျောင်းသား/ကျောင်းသူ ၂၄ ဦး၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၅ ဦးနှင့် အဝေးသင်တက္ကသိုလ် ကျောင်းသား/ကျောင်းသူ ၁၈ ဦး စုစုပေါင်း ၄၇ ဦး ပါဝင်သည်။
ပညာသင်ဆုကို လက်ရှိသင်ယူနေသည့် အတန်းမှစတင်ကာ တက္ကသိုလ်ပညာရေး ပြီးဆုံးသည်အထိ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ကနဦးအားဖြင့် ငါးနှစ်တာကာလအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက အသိပေးထားသည်။
