ရန်ကုန်၊ စက်တင်ဘာ ၈
မြန်မာလူငယ်များ သိပ္ပံနှင့်နည်းပညာအပေါ် စိတ်ဝင်စားမှုမြင့်တက်လာစေရန် China Media Group (CMG) နှင့် ရန်ကုန်မြို့ရှိ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း (ELBC) တို့ ပူးပေါင်း၍ “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းခြင်းအစီအစဉ်ကို စက်တင်ဘာ ၅ ရက်က စတင်ခဲ့သည်။
အခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး CMG နှင့် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်တို့ ပူးပေါင်းစီစဉ်သည့် “နက်ပြာရောင် ရင်ခုန်သံ” အစီအစဉ်ကိုလည်း မြန်မာနိုင်ငံ၌ မိတ်ဆက်ခဲ့သည်။
အဆိုပါအစီအစဉ်မှတစ်ဆင့် မြန်မာလူငယ်များ၏ ပင်လယ်ရေနက်ကမ္ဘာနှင့် သိပ္ပံနည်းပညာဆိုင်ရာ ပန်းချီဖန်တီးမှုများ၊ သိပ္ပံဆိုင်ရာမေးခွန်းများကို စုဆောင်းသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် လက်ရာများကို တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်၌ ပြသခွင့်နှင့် ဆုများ ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် သိပ္ပံဆိုင်ရာမေးခွန်းများကိုလည်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဖြေကြားပေးသွားမည်ဖြစ်သည်။
ELBC ကျောင်းအုပ်ဆရာကြီး ဝမ်ချုံးရှီက ယခုအစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများ၏ သိပ္ပံပညာဆိုင်ရာ ဗဟုသုတနှင့် စူးစမ်းလေ့လာလိုစိတ်ကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက ဒုံးပျံလွှတ်တင်မှုနှင့် “Haidou 1” ပင်လယ်ရေနက် စူးစမ်းလေ့လာမှုဆိုင်ရာ သိပ္ပံအသိပညာပေး ဗီဒီယိုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
