တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(CIDCA) စီမံကိန်းများ၏ အောင်မြင်မှုသည် လူသားမျိုးနွယ်နှင့် သဘာဝတရားတို့ကြား ကွာဟချက်များကိုပေါင်းကူးပေးနိုင်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေက ပြောသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ပေကျင်းမြို့အခြေစိုက် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(CIDCA)နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအသိပညာဌာန(CIKD)တို့ကြီးမှူးကျင်းပသည့် “Launch of International Development Cooperation: China’s Practice” Conference သို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
CIDCA အစီအစဉ်များသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုအသိုက်အဝန်းများ၏ သာယာဝပြောရေးတို့အတွက်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေသည်ဟု ပြောသည်။
ထို့ပြင် စီမံကိန်းများ၏ အောင်မြင်မှုသည် လူသားမျိုးနွယ်နှင့် သဘာဝတရားတို့ကြား ကွာဟချက်များကိုပေါင်းကူးပေးနိုင်ကာ CIDCA ၏ လုပ်ငန်းများအနေဖြင့် မိတ်ဖက်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ နားလည်မှုတို့၏ အရေးပါမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs)အောင်မြင်ရေးအတွက် တာဝန်ခွဲဝေယူမှုတို့ကိုဖော်ပြသည်ဟု ပြောသည်။
ထို့အတူ CIDCA မှ ဆောင်ရွက်သည့် Small and Beautiful Green Development စီမံကိန်းများမှာ ပို၍ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ကာ အားလုံးပါဝင်နိုင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေသည်ဟုလည်း ပြောကြားခဲ့သည်။
