လေးမျက်နှာ၊ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးမှု၊ မိုဘိုင်းဆင်းကတ်နှင့် ဖုန်းဘေလ်ဖြည့်ကတ်များ ရောင်းချပေးနေမှုတို့ကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ပေးနေခြင်းကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့အတူ ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့ အော်တိုအိတ်ချိန်းနှင့် မိုဘိုင်းစခန်း၊ ရပ်ကွက် (၁)၊ သီရိအောင်မြေလမ်းရှိ မိုဘိုင်းစခန်း၊ ညောင်ပင်ဝန်းကျေးရွာရှိ မိုဘိုင်းစခန်းနှင့် ခမောက်စုကျေးရွာရှိ မိုဘိုင်းစခန်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးလိုင်းများ ပိုမိုကောင်းမွန်နေစေရေးနှင့် ဒေသခံပြည်သူများ အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြောင်းလည်း သိရသည်။
