ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအချို့သည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံ(CI) စာအုပ်အစိမ်းမှ နိုင်ငံကူးလက်မှတ်(စာအုပ်အနီ)ကို ပြောင်းလဲလျှောက်ထားသည့်အခါ နိုင်ငံကူးလက်မှတ်တွင် ထိုင်းပြင်ပကိုထွက်ခွာခွင့် ကန့်သ-တ်ထားကြောင်း သိရသည်။
လက်ရှိ၌ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ CI စာအုပ်ရုံး၌ စာအုပ်လုပ်ပြီးသည့်နောက် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ် ထပ်လျှောက်သည့်အခါ နိုင်ငံကူးလက်မှတ် စာအုပ်တွင် “ထိုင်းနိုင်ငံ တစ်နိုင်ငံထဲအတွက်သာ” ဟု တုံးထုပေးထားခြင်း ဖြစ်သည်။
CI မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုကို ထိုင်းနိုင်ငံ မဟာချိုင်ရှိ CI စခန်းတစ်ခုတည်းတွင်သာ လျှောက်ထားခွင့်ရှိပြီး ယနေ့ ထုတ်ယူခွင့်ရရှိသည့် နိုင်ငံကူးလက်မှတ်များတွင် Passport For Thailand Only ဟုသော အပြာရောင် တံဆိပ်တုံးစာသားကို ရို-က်နှိပ်ထားခြင်းကို တွေ့ရသည်။
“တုံးထုပေးလိုက်တာက ထိုင်းနဲ့ မြန်မာပဲသွားလို့ရမယ်ဆိုတဲ့ သဘောမျိုးပဲဗျ၊ တခြားကိုသွားလို့မရဘူး” ဟု အကျိုးဆောင်လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
ထိုသို့ တံဆိပ်တုံးထုပေးခြင်းသည် CI မှ PJ ကိုပြောင်းလဲသည့် မဟာချိုင်ရုံးကသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နိုင်ငံကူးလက်မှတ်များအပေါ် သက်ရောက်မှု မရှိသေးပေ။
CI စာအုပ်များသည် ထိုင်းနိုင်ငံရှိ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံကူး လက်မှတ်သက်တမ်းကုန်လုပ်သားများကို ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း၍ထုတ်ပေးခြင်းဖြစ်ကာ ထိုမှတဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန အတည်ပြုခြင်း ဖြစ်သည်။
လက်ရှိ၌ ထိုအကျိုးသက်ရောက်မှုသည် ရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှုမည်မျှရှိနိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
