မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပြည်သူချင်းနားလည်မှုကို မြှင့်တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ဟု တရုတ်သံအမတ်ကြီးပြော
Bank of China – ရန်ကုန်တက္ကသိုလ် ပညာတော်သင် ထောက်ပံ့ကြေး စီမံကိန်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦး၊ ရန်ကုန်တက္ကသိုလ် ယာယီပါမောက္ခချုပ် ဒေါက်တာ သီတာအေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က Bank of China သည် နိုင်ငံတကာတွင် ကျော်ကြားသည့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုသာမက မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ဆောင်ရွက်နေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ ပညာတော်သင်ထောက်ပံ့ကြေးအစီအစဉ်သည် လူမှုအကျိုးပြုလုပ်ငန်းတစ်ခုထက် ပိုမိုကျယ်ပြန့်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပြည်သူချင်းနားလည်မှုကို မြှင့်တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပညာသင်ဆုစီမံကိန်း ၄ နှစ်တာကာလအတွင်း ရန်ကုန်တက္ကသိုလ်မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၈၀၀ ဦးအား ထောက်ပံ့ကူညီပေးနိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးအား မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုတွင် အလုပ်သင်အခွင့်အရေးများ စီစဉ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကလည်း Bank of China သည် မြန်မာ-တရုတ် ပညာရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် လူငယ်များ၏ ပညာရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံရှိ ကမ္ဘာကျော်တက္ကသိုလ်များတွင် မြန်မာကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အလမ်းများ ပိုမိုရရှိလာစေရန် မျှော်လင့်ထားကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အခမ်းအနားအတွင်း ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ အတွေ့အကြုံများကို တရုတ်၊ အင်္ဂလိပ်နှင့် မြန်မာဘာသာစကားများဖြင့် မျှဝေပြောကြားခဲ့ကြပြီး CFRD နှင့် ELBC တို့အကြား တရုတ်စာသင်တန်းဆိုင်ရာ သဘောတူလက်မှတ်များလည်း လဲလှယ်ရေးထိုးခဲ့ကြောင်း သိရသည်။
