နေပြည်တော်၊ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအမံ (Action Plan) များ တိုးတက်အောင်မြင်စေရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၈) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ (18th Progress Report) အထိ ရေးသားတင်ပြပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
AML/CFT ဆိုင်ရာ Action Plan များ အကောင်အထည်ဖော်ရာတွင် ပန်းတိုင်သို့ရောက်ရှိရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ကျန်ရှိနေသည့် Action Item နှစ်ချက်ကို သတ်မှတ်စံနှုန်းများနှင့်အညီ “Largely Addressed” အဆင့်ရရှိရေး အရှိန်အဟုန်မပျက် ဆက်လက်တွန်းအားပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
အထူးသဖြင့် ကျန်ရှိနေသည့် အရေးကြီး Action Plan နှစ်ချက်ဖြစ်သော Action Plan 6.3 နှင့် Action Plan 7.1 တို့ကို ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်နှင့် လိုအပ်သည့်လုပ်ငန်းစဉ်များအတွက် အစီအမံများရေးဆွဲ အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် အမည်မည်းစာရင်းမှ လွတ်မြောက်ရေးအတွက် ကျန်ရှိနေသည့်အစီအမံများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ဒေါက်တာခင်နိုင်ဦးက တိုက်တွန်းပြောကြားခဲ့သည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်စုလိုက်ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
