တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်း (Beibu Gulf Port) ၏ ချင်ကျိုး အလိုအလျောက်ကွန်တိန်နာဆိပ်ကမ်း (Qinzhou Automated Container Terminal) သည် တရုတ်-အာဆီယံ ကုန်သွယ်ရေးချိတ်ဆက်မှုကို မြှင့်တင်ပေးမည့် ကမ္ဘာ့အဆင့်မီ စမတ်ဆိပ်ကမ်းစီမံကိန်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာလျက်ရှိကြောင်း သိရသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၇.၁ ဘီလီယံခန့်ဖြင့် တည်ဆောက်ထားသည့် အဆိုပါဆိပ်ကမ်းကို Guangxi Beibu Gulf International Port Group Co., Ltd. က အကောင်အထည်ဖော်ထားခြင်းဖြစ်ပြီး အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (New Western Land-Sea Corridor) ၏ အဓိကအခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ဆိပ်ကမ်းတွင် Artificial Intelligence (AI) ၊ Big Data ၊ Cloud Computing နှင့် Automatic Control System များကို ပေါင်းစပ်အသုံးပြုထားပြီး ကွန်တိန်နာတင်ချခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကို အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
စီမံကိန်းနှစ်ဆင့်စလုံး ပြီးစီးပါက တစ်နှစ်လျှင် ကွန်တိန်နာ ၂.၆ သန်း TEUs ကို ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်းတစ်ခုလုံးကို တစ်နှစ်လျှင် ကွန်တိန်နာ ၁၀ သန်း TEUs ကျော် ကိုင်တွယ်နိုင်သည့် နိုင်ငံတကာအဆင့်မီ ကွန်တိန်နာအချက်အချာဆိပ်ကမ်းကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သည်။
ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်းသည် အာဆီယံနိုင်ငံများနှင့် အနီးဆုံး ပင်လယ်ထွက်ပေါက်များထဲမှ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများနှင့် အရှေ့တောင်အာရှဒေသအကြား ကုန်စည်စီးဆင်းမှုကို အရှိန်မြှင့်တင်ပေးနေသည့် မဟာဗျူဟာမြောက် ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံ၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့လျက်ရှိသည့်အတွက် ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်း၏ သယ်ယူပို့ဆောင်ရေးစွမ်းရည် မြင့်မားလာခြင်းသည် မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် အာဆီယံဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုထိရောက်လာစေရန် အထောက်အကူပြုနိုင်မည်ဟု သုံးသပ်ကြသည်။
ထို့ပြင် အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်နှင့် ချိတ်ဆက်ထားသည့် ယင်းဆိပ်ကမ်းသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများ ပိုမိုတိုးချဲ့ဖွံ့ဖြိုးလာစေရန် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။