မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဇွန် ၂၅ ရက်၌ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တေ-ာက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဇွန် ၂၅ ရက် မွန်းတည့် ၁၂ နာရီမှ နေ့လယ် ၃ နာရီအထိ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း Switchbay များကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံနှင့် မြောက်ပြင်ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက်ရှိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ချွတ်ယွင်းနေသည့် ကြွေသီးတွဲများ လဲလှယ်ခြင်းလုပ်ငန်းများကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ပြီး သက်ရောက်မှုရှိမည့် ဧရိယာများမှ ဓာတ်အားသုံးစွဲသူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားကြောင်း သိရသည်။
