AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI လုပ်ငန်းအတွက် လိုအပ်တဲ့ တစ်ခုတည်းသော စည်းကမ်းဘောင်ဆိုတာဟာ “ကြံ့ခိုင်ပြီး ဉာဏ်ကောင်းတဲ့ IQ မြင့်တဲ့ သမ္မတတစ်ယောက်”ပဲလိုအပ်တာဖြစ်ပြီး အမေရိကန်မှာ အဲဒီလိုသမ္မတမျိုး ရှိပြီးသားလို့ Truth ဆိုရှယ်မီဒီယာမှာ သူကရေးခဲ့တာပါ။
အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီ AI နည်းပညာကြောင့် အလုပ်အကိုင်တွေ အများကြီး ဆုံးရှုံးတာ၊ ဇီဝလက်နက်အသစ်တွေ ထွက်ပေါ်လာတာနဲ့ အလိုအလျောက် တိုက်ခိုက်နိုင်တဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်တာ စတဲ့ ဘေးအန္တရာယ်ကြီးတွေ ရှိနိုင်တယ်လို့ သုတေသီတွေနဲ့ ထိပ်တန်းအရာရှိတွေက သတိပေးထားကြတာပါ။ ထရမ့်ကတော့ ဒီ AI ကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အကြိတ်အနယ် ဆွေးနွေးနေကြတဲ့အထဲ ပါဝင်လာခဲ့ပေမဲ့ အဲဒီဘေးအန္တရာယ်တွေကို တိုက်ရိုက် ထုတ်မပြောခဲ့ပါဘူး။ အဲဒီအစား နည်းပညာတိုးတက်မှုကို နှေးကွေးစေချင်တဲ့ ထိပ်တန်းအရာရှိတွေရဲ့ စေတနာဟာ အမှန်ပဲလားဆိုတာကိုပဲ မေးခွန်းထုတ်ခဲ့တာပါ။
ထရမ့်က “AI အတွက် လိုအပ်တဲ့ တစ်ခုတည်းသော ထိန်းချုပ်မှု ဒါမှမဟုတ် စည်းကမ်းဘောင်ဆိုတာကတော့ ကြံ့ခိုင်ပြီး ဉာဏ်ကောင်းတဲ့ IQ မြင့်တဲ့ သမ္မတတစ်ယောက်ပဲ လိုအပ်တာဖြစ်ပြီး အမေရိကန်မှာ အဲဒါ အပြည့်အဝ ရှိပြီးသားပါ!” လို့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် “ထရမ့်အစိုးရအဖွဲ့ဟာ အခုဆိုရင် အပြစ်မရှိတဲ့ ကောင်းကင်တမန်လေးလို ဟန်ဆောင်နေတဲ့ Anthropic က Dario တို့လို AI သမားတွေအနေနဲ့ မကောင်းတာတွေ သို့မဟုတ် မကောင်းနိုင်တာတွေ မလုပ်နိုင်အောင် တားဆီးပေးခဲ့တာဖြစ်ပြီး ဆက်ပြီးတော့လည်း အဲဒီအတိုင်း လုပ်ဆောင်သွားမှာပါ!” လို့လည်း ရေးထားပါသေးတယ်။
”ဒီကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ ကျွန်တော်တို့မှာ ရာဇဝတ်ကြောင်းအရရော စည်းမျဉ်းစည်းကမ်းအရပါ ကြီးမားတဲ့ အာဏာရှိပြီးသားပါ” လို့လည်း သူက ထပ်လောင်းပြောခဲ့ပါတယ်။
