ညဏ်ရည်တု AI နည်းပညာသည် မည်သူမဆို လိုက်မီနိုင်လောက်သည်ထက် ကျော်လွန်၍ ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဇူလိုင်လ ၆ ရက်နေ့တွင် သတိပေးခဲ့ပြီး အထူးသဖြင့် ကလေးများအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို လျှော့ချရန် ကမ္ဘာတစ်ဝန်း၌ လိုက်လျောညီထွေဖြစ်မည့် စည်းမျဉ်းများလိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
စီးပွားရေးကို ပြန်လည်ပုံဖော်နိုင်သော၊ အလုပ်အကိုင်လောကကို ပြောင်းလဲနိုင်သော၊ ရွေးကောက်ပွဲများကို လွှမ်းမိုးနိုင်ပြီး လုံခြုံရေးချိန်ခွင်လျှာကို တစ်ဖက်စောင်းနင်းဖြစ်နိုင်သော နည်းပညာတစ်ခုသည် ၎င်းကို တည်ဆောက်နေသူများအပါအဝင် မည်သူမဆို လိုက်မီနိုင်သည်ထက်ပို၍ မြန်ဆန်စွာ အလုပ်လုပ်နေသည်ဟု အန်တိုနီယို ဂူတာရက်စ်က ဂျီနီဗာတွင် ကျင်းပသော ပထမဆုံးအကြိမ် အစိုးရအဆင့် ကမ္ဘာလုံးဆိုင်ရာ AI ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
“ဆန်းသစ်တီထွင်မှုဟာ အကာအရံတွေ လိုအပ်ပါတယ်၊ AI က အစွမ်းထက် မှ ဖြစ်မယ် ဆိုရင် သူ့ကို စီမံအုပ်ချုပ်ရပါမယ်” ဟု ကိုယ်စားလှယ်များကို ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဂျီနီဗာတွင် ကျင်းပသော AI စီမံအုပ်ချုပ်မှုဆိုင်ရာ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ စာချုပ်တစ်ရပ် ချုပ်ဆိုရန် မဟုတ်ဘဲ AI ၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို လျှော့ချရန်နှင့် ၎င်း၏ အခွင့်အလမ်းများကို အသုံးချရန်အတွက် မည်သို့စည်းမျဉ်းများချမှတ်မည်ဆိုသည်ကို ဆွေးနွေးရန်ဖြစ်သည်။
ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသော ကျွမ်းကျင်ပညာရှင် ၄၀ ပါဝင်သည့် လွတ်လပ်သော သိပ္ပံပညာရှင်အဖွဲ့၏ အစီရင်ခံစာတစ်စောင်ကို ကိုယ်စားလှယ်များက ဆွေးနွေးမည်ဖြစ်ပြီး AI အပေါ် ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော သိပ္ပံနည်းကျ အကဲဖြတ်ချက်မှ တွေ့ရှိချက်များကို သိပ္ပံပညာရှင်များက တင်ပြသွားမည်ဖြစ်သည်။
၂၀၂၇ ခုနှစ်အတွက် ပိုမိုပြည့်စုံသော အစီရင်ခံစာတစ်စောင်နှင့်အတူ နူးယော့ခ်တွင် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတစ်ခု ကျင်းပရန် စီစဉ်ထားသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
