ပြင်ဦးလွင်၊ သြဂုတ် ၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။
ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် နောင်ချိုနှင့် ဂုတ်ထိပ်ဘူတာအကြား တံတားအမှတ် ၂၃၂ အနီးတွင် တောင်ကျရေများကြောင့် သံလမ်းပေါ် ရေကျော်မှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေမြောင်းများ စနစ်တကျ ပြုလုပ်ထားရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
သမိုင်းဝင် ဂုတ်ထိပ်တံတား အား ကြံ့ခိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် ဆေးသုတ်ပြုပြင်ထားမှုများ၊ တံတားတိုင်အောက်ခြေပတ်လည် ခြံစည်းရိုးကာရံထားမှုများကိုလည်း စနစ်တကျ ထိန်းသိမ်းရန်၊ တံတားကြမ်းခင်းပေါ် ရေတင်နေမှုမရှိစေရေး ရေထွက်ပေါက်များ ပြုလုပ်ရန်နှင့် ဆွေးမြေ့နေသည့် တံတားဇလီဖားများကို လဲလှယ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့် RBE ရထားခရီးစဉ်သည် ခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ယခင်ကလည်း အပတ်စဉ် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
